ကျောင်းသားကျောင်းသူတွေနဲ့ ဆက်သွယ်ပြောဆိုခြင်း

အားလုံးပဲ မင်္ဂလာပါ။ Open Educator မှ ပြန်လည်ကြိုဆိုပါတယ်။

ဒီတခါ အွန်းလိုင်းမှာ စာသင်ကြားတဲ့အခါ မိမိရဲ့ ကျောင်းသားတွေနဲ့ ဘယ်လိုဆက်သွယ်ကြမလဲ။
ဘာကြောင့် ဆက်သွယ်ရေး channel တစ်ခုရှိသင့်သလဲ၊ ဘာကြောင့်လိုအပ်သလဲ။

အွန်လိုင်းသင်ကြားရေးမှာ ကျောင်းသူ၊ သားများမှ ဆရာ၊ဆရာမတွေနဲ့ ဆက်သွယ်ပြောဆိုလို့ရမယ့် channel တစ်ခုရှိထားခြင်းဖြင့် မိမိရဲ့ သင်ကြားရေးကို အများကြီးအထောက်အကူပြုနိုင်သလို အချိန်သက်သာစေမှာ ဖြစ်ပါတယ်။ ဘာကြောင့်လိုအပ်သလဲဆိုရင် လူချင်းတွေ့သင်ရတဲ့စာသင်ခန်းမှာ ကျောင်းသားက ဆရာကို ချက်ချင်းမသိတာ၊ နားမလည်တာကို မေးနိုင်၊ နောက်ရက်ပြန်တွေ့တဲ့အခါ အချိန်တစ်ခုတောင်းပြီး မေးနိုင်သော်လည်း အွန်လိုင်းသင်ကြားနည်းမှာ ထိုသို့သော အခွင့်အရေးရဖို့ သိပ်မလွယ်လှပါဘူး။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေနဲ့ ဆက်သွယ်ပြောဆိုလို့ရတဲ့ channel တစ်ခု ရှိကို ရှိဖို့လိုအပ်တာပါ။

၁) ဆက်သွယ်ရေး channel တစ်ခု ထားရှိပါ

ကျောင်းသူ၊ ကျောင်းသားအားလုံးနဲ့ အရင်းနှီးဆုံး channel (eg, facebook private group, telegram group, signal group, etc) သတ်သတ်မှတ်မှတ်ထားပါ။ အဲ့ channel ထဲမှာ အတန်းတစ်တန်းထဲမှာ သင်နေတဲ့ ဆရာ၊ ဆရာမ အားလုံးကိုပါရှိပါစေ။ သို့မှသာ မေးလာသောမေးခွန်းများကို ဆရာ၊ ဆရာမ တစ်ယောက်မဟုတ်တစ်ယောက်မှ ဖြေပေးနိုင်ဖို့ပါ။

၂) အချက်အလက်များကို စုစည်းပါ (gather data)

ကျောင်းသူ၊ ကျောင်းသားများ မေးလေ့မေးထရှိသော အကြောင်းအရာများကို စုစည်းပြီး တင်ထားပေးပါ။ ဒါ့အပြင် သင်တန်းနှင့်သက်ဆိုင်သော အရာများကို စုစည်း တင်ထားပေးပါ။ (ဥပမာ - သင်တန်းမှ ပို့ချသော သင်ခန်းစာများကို ဘယ်မှာ ကြည့်လို့ရတယ်။ assignment များကို ဘယ်မှာ တင်ပေးရမယ်။)

၃) ကျောင်းသား၊ ကျောင်းသူများ မေးခွန်းရှိလျှင် channel ထဲမှာ မေးပေးဖို့ တိုက်တွန်းပါ

ကျောင်းသားတစ်ယောက်ယောက်ဆီမှာ မေးခွန်းများရှိလျှင် တစ်ယောက်ချင်းဆီ ဆရာ၊ ဆရာမဆီကို လာမေးတာထက် communication channel မှာ မေးဖို့ တိုက်တွန်းပြောဆိုပါ။ သို့မှသာ တစ်ယောက်ယောက်မှာ တူညီတဲ့ မေးခွန်းရှိနေလျှင် တစ်နေရာထဲမှာ သိရှိနိုင်ပါတယ်။ အခုလိုလုပ်ခြင်းဖြင့် ဆရာ၊ ဆရာမဘက်ကရော ကျောင်းသူ၊ ကျောင်းသားဘက်ကပါ အချိန်ကုန်သက်သာစေပြီး ဆက်သွယ်ရေးမြန်ဆန်အဆင်ပြေနိုင်မှာပါ။

၄) အချိန်သတ်မှတ်ထားပါ (set boundaries)

ဆရာ၊ ဆရာမတွေအနေနဲ့ကလည်း မိမိအတွက် အချိန်ပေးဖို့လိုပါတယ်။ အချိန်မရွေး၊ ကျောင်းသားတွေ မေးချိန်တိုင်းမှာ အမြဲ ဖြေဖို့ stand by ရှိနေဖို့လည်း မဖြစ်သင့်ပါဘူး။ ဘာလို့လည်းဆိုတော့ တစ်ရက်တည်း၊ တစ်ပတ်တည်း၊ တစ်လတည်း မဟုတ်တဲ့အတွက်ကြောင့် မိမိအတွက် အချိန်ကိုလည်း သတ်မှတ်ထားသင့်ပါတယ်။ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ဆရာ၊ ဆရာမ အနေနဲ့ အွန်လိုင်းမှာ အတတ်နိုင်ဆုံးရှိနေမယ်၊ သတ်မှတ်ထားချိန်ကျော်ပြီးမေးလာတဲ့ မေးခွန်းလေးတွေကိုတော့ နောက်ရက်မှ ပဲ ပြန်ပေးမယ် ဆိုတာမျိုးကို ပြောထားဖို့လိုပါတယ်။

၅) အတတ်နိုင်ဆုံး လို၊ တို၊ ရှင်း ဖြစ်အောင် စကားလုံးများကို အသုံးပြုပါ။

ကျောင်းသားများကို မိမိအနေနဲ့ သတင်းစကားပါးချင်သည် ဖြစ်စေ၊ အသိပေး ပြောချင်တာ ဖြစ်စေ နားလည်လွယ်တဲ့၊ အဓိက သတင်းအချက်အလက်တွေကို မြင်သာအောင် ရေးပြီး တင်ပေးတာမျိုး ဖြစ်သင့်ပါတယ်။ စာအများကြီး တင်ထားလျှင် မိမိပေးချင်တဲ့ အဓိက အချက်အလက်ကို မမြင်မိတာမျိုး မဖြစ်စေဖို့ အရေးကြီးပါတယ်။ ဥပမာ - စကားလုံးများကို bullet point, နံပါတ်တပ်ပြီး ပြောပေးတာမျိုးလေး တွေ ပြုလုပ်သင့်ပါတယ်။

ကဲအခုဆိုရင် အွန်လိုင်းစာသင်ကြားရေးမှာ လည်း ကျောင်းသားနဲ့ ဆက်သွယ်ပြောဆိုခြင်း (Communication) နဲ့ပတ်သတ်ပြီး အခု article လေးကိုဖတ်ပြီး အတိုင်းအတာတစ်ခုထိ ဆရာတို့၊ ဆရာမတို့အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့် မိပါတယ်။ ဆရာတို့၊ ဆရာမတို့အနေနဲ့လည်း ဘာတွေများ ဖြည့်စွက်ဆွေးနွေးမျှဝေချင်တာ၊ ကြုံတွေ့နေရတဲ့အခက်အခဲအချို့ကို တခြားဆရာ၊ဆရာမတွေနဲ့ ဆွေးနွေးနိုင်‌အောင် comment မှာ မျှဝေခဲ့ပါဦးနော်။